မြစ်သား ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ထင်းအစားအခြားလောင်စာသုံးစွဲရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၈)နာရီက နှမ်းခင်းကျေးရွာအုပ်စု၊ ရန်ငြိမ်းချမ်းသာကျေးရွာနှင့် ထိန်ကုန်းကျေးရွာ အုပ်စု၊ ပွဲလုံးကျော်ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်က ကျေးရွာသူ၊ ကျေးရွာသားများအား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် အဓိကလုပ်ငန်းကြီး(၄)ရပ်ဖြစ်သည့် စိုက်ခင်းများထူထောင်ခြင်း၊ သဘာဝတောခြံများ ထိန်းသိမ်းခြင်း၊ ထင်းအစားအခြားလောင်စာသုံးစွဲခြင်းနှင့်ရေရရှိရေးဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကျော်စိုးက ထင်းအစားအခြားလောင်စာသုံး စိုက်စွန့်ပစ္စည်းများဖြစ်သော ပဲရိုး၊ နှမ်းရိုး၊ ပဲစင်းငုံရိုး၊ ပြောင်းဖူးရိုးများ သုံးစွဲနိုင်မှုအခြေအနေများ နှင့် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ စိုက်ပျိုးကြရန်စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျေးရွာသူ၊ ကျေးရွာသားများအား (A1)စွမ်းအားမြင့်မီးဖို(၆၄)လုံး၊ လျော်ဖြူပင်များ၊ လက်ကမ်းစာစောင်များနှင့် ကော်ဖီမစ်ထုပ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြမြမွန်