မိုးနဲ ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ဥယျာဉ်ကျောင်းတိုက်ဓမ္မာရုံ၌ ၂၀၂၀ ပြည့်နှစ်၊ အစိုးရပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော ရဟန်း၊ သာမဏေများအား စူဠဘွဲ့နှင်းသဘင်းဂုဏ်ပြု အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ အချိန်က ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ဧည့်ပရိသတ်များမှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဝိဇ္ဇာရိယ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာဃိန္ဒထံမှ ဩဝါဒကထာ ခံယူတော်မူပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က သာသနာရေးဆိုင်ရာများ လျှောက်ထား ခဲ့သည်။
ယင်းနောက် ၂၀၂၀ ပြည့်နှစ် အစိုးရပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော ရဟန်း၊ သာမဏေ စုစုပေါင်း (၂၄)ပါးတို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာများက အောင်လက်မှတ်နှင့် စာအောင်ဆုများ အသီးသီး ဆက်ကပ်ခဲ့ ကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မိုးနဲ၊မိုင်းပန် ၊မောက်မယ် နှင့်လင်းခေးမြို့နယ်များမှ သံဃာနှင့် သာမဏေများ ဝင်ရောက်ဖြေဆိုခဲ့ပြီး ကြီးတန်းအောင်မြင်သူ မိုးနဲမြို့မှ ၃ ပါး၊မိုင်းပန်မြို့မှ ၅ ပါး၊မောက်မယ်မြို့မှ ၂ ပါးစုစုပေါင်းအောင်မြင်သူ ၁၀ ပါး ပထမလတ်တန်းတွင်အောင်မြင်သူ မိုင်းပန်မြို့မှ ၂ ပါး နှင့်အခြေပြုမူလတန်းတွင်အောင်မြင်သူမိုးနဲမြို့မှ ၁ ပါး၊လင်းခေးမြို့မှ ၃ပါး၊ မိုင်းပန်မြို့မှ ၂ ပါး၊မောက်မယ်မြို့မှ ၆ ပါး စုစုပေါင်း ၁၂ ပါး ဖြစ်ကြောင်း မြို့နယ်သာသနာရေး ဦးစီးဌာနမှသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)