မြစ်သား ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ကြက်သွန်စိုက် တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ ကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြစ်သား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအေးခိုင်က လက်ရှိ ကြက်သွန်စိုက် တောင်သူများ၏ အခြေအနေအား ရှင်းလင်းဆွေးနွေး ပြောကြားပြီးနောက် ကြက်သွန်စိုက် တောင်သူများက လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများ၊ ယခင်စျေးနှုန်းနှင့် ယခုနှစ်စျေးနှုန်းများ ကွားခြားမှုများ၊ မျိုးကောင်း မျိုးသန့်ရရှိရေး၊ သွင်းအားစုအရည်အသွေး အာမခံရရှိရေး၊ အလေအလွှင့် နည်းစေမည့် နည်းလမ်းများနှင့် သိုလှောင်နည်းစနစ် ကြမ့်ကြာ၍အဆင်မပြေမှုများ၊ တောင်သူများရဲ့ လိုအပ်ချက်များနှင့် အခက်အခဲများကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြား ပေးခဲ့ကြသည်။
ဆက်လက်ပြီး စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက တောင်သူများ အနေနဲ့ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲ ဖြစ်ပေါ်နေမှုများ ဖြေရှင်းနိုင်စေရန်၊ စီးပွားရေးနှင့်ဆိုင်သည့် ဦးတည်ချက်များ၊ စျေးကွက် အလားအလာနှင့် ပြည်ပစျေးကွက်ခိုင်မာမှု ရရှိစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း နိဂုံးချုပ်စကားတွင် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြစ်သား မြို့နယ်အတွင်းရှိ ပွဲရုံလုပ်ငန်းရှင်များနှင့် ကြက်သွန် စိုက်ပျိုးတောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)