ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံတက္ကသိုလ်၌ နည်းပြ/သရုပ်ပြ ရာထူးဝင်ခွင့် စာမေးပွဲ ဖြေဆိုသူများအား လူတွေ့စစ်ဆေး ဖြေဆို

ကျိုင်းတုံ        ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံတက္ကသိုလ်၌ သက်ဆိုင်ရာ အထူးပြု ဘာသာရပ် နည်းပြ၊ သရုပ်ပြ ရာထူးနေရာများခန့်အပ်နိုင်ရေး မေလ ၂၉ ရက်က နည်းပြ၊ သရုပ်ပြ ရာထူးဝင်ခွင့် စာမေးပွဲ ဖြေဆိုမှု ကျင်းပခဲ့ရာ ယနေ့တွင်လူတွေ့စစ်ဆေး ဖြေဆိုခြင်းကို ကျိုင်းတုံတက္ကသိုလ်၊ စုံညီခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြေဆိုရာတွင် ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြမြခင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာရွှေဝါနှင့် တာဝန်ရှိသူများက မြန်မာစာ၊ ပထဝီဝင်၊ အရှေ့တိုင်းပညာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ အထူးပြုများအတွက် နည်းပြ/ သရုပ်ပြ ရာထူးဝင်ခွင့် ဝင်ရောက်ဖြေဆိုသူ (၄၃)ဦးအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လူတွေ့စစ်ဆေးခဲ့ရာ ဖြေဆိုအောင်မြင်သူများအား ကျိုင်းတုံ တက္ကသိုလ်တွင် လစ်လပ်လျက်ရှိသော သက်ဆိုင်ရာ အထူးပြု ဘာသာရပ် နည်းပြ၊ သရုပ်ပြ ရာထူးနေရာများတွင် ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စတုတ္ထနှစ်၊ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ် သင်တန်း၊ မဟာတန်း(ပထမနှစ်) တို့၏ ပညာသင်ကာလကို မေလ ၅ ရက်မှ ဇွန်လ ၁၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးပြီး၊ အဆိုပါသင်တန်းနှစ် အသီးသီး၏ စာမေးပွဲကာလကို ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၂ ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်အောင်(ကျိုင်းတုံ)