မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းဆတ် ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က အမှာစကားပြောကြားရာတွင် ယခုအခါ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်း မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားမှု၊ ဇွန်(၁)ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးအပ်လာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံ သား(၁၀၉)ဦးတွင် ယနေ့ထိ(၈၂)ဦး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှု၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့ဝင်/ထွက်ဂိတ်များနှင့် လေဆိပ်တို့တွင် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပြီး ကာကွယ်ဆေးထိုးပြီးသူများအား လွတ်လပ်စွာ သွားလာခွင့်ပြု၍ ဆေးမထိုးရသေးသူများအား ခရီးသွားရာဇဝင် မှတ်တမ်းများ ရယူထားရှိရေး၊ လူစည်ကားရာ နေရာများဖြစ်သည့် ဈေးများ၊ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် Quarantine Centre များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေထွန်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က မြို့ဝင်/ထွက်ဂိတ်များနှင့် လေဆိပ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး စစ်ဆေးဆောင်ရွက်မည့် အခြေအနေများ၊ Quarantine Centre များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမည့် အခြေအနေနှင့် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အခြေအနေတို့ကို လည်းကောင်း၊ မြို့နယ်စည်ပင်သာ ယာရေးအမှုဆောင်အရာရှိ ဦးအောင်သူက ဈေးများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အစည်းအဝေး တက်ရောက်လာကြသူ များက လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းဇော်