ကချင်ပြည်နယ် စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များသို့ တက်ရောက်၍ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးပေး

မြစ်ကြီးနား ဇွန် ၁၂

ကချင်ပြည်နယ် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို မြစ်ကြီးနားမြို့၊ တက္ကသိုလ်ဝင်း အတွင်းနှင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီ တော် ပရဝဏ်အတွင်းတို့၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်ဘောလုံးကွင်းအနီး၌ ကျင်းပပြုလုပ်သည့် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်လင်းအောင်၊ ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်တို့နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပ‌ဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြစ်ကြီးနား တက္ကသိုလ်ပါ မောက္ခချုပ်နှင့် ကထိကဆရာ၊ ဆရာမများ၊ စစ်မှုထမ်းဟောင်းများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေး အသင်း အဖွဲ့များက မိုးရာသီတစ်အုပ်တစ်မ အရိပ်ရသစ်ပင်များကို စုပေါင်း၍ တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် စေတီတော်ပရဝဏ်၌ ကျင်းပသည့် ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် သို့ တက်ရောက်ကြရာ ဘုရားဂေါပကအဖွဲ့ဝင်များက ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး၊ ဒုတိယတိုင်းမှူး၊ တပ်နယ်မှူးနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်လင်းအောင်တို့ထံ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် စိုက်ပျိုးမည့် ပျိုးပင်များကို ဖြန့်ဝေပေးအပ်ကြသည်။

ထို့နောက် ပျိုးပင်များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြောက်ပိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအသင်း အဖွဲ့များက စေတီ‌တော်ပရဝဏ်အတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လူမှုရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေ များကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် ပြည်နယ် သစ်တော ဦးစီးဌာနအနေဖြင့် ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများအလိုက် တစ်အုပ်တစ်မ သစ်ပင်ပေါင်း (၁၅၀၀၀၀)ကျော်ကို ဖြန့်ဝေစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။