ဗန်းမော် ဇွန် ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ဗန်းမော်မြို့ အစိုးရ နည်းပညာအထက်တန်းကျောင်းအတွင်း၌ သစ်ပျိုးပင်ပေါင်း(၅၂၁)ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သစ်ပင်စိုက်ပွဲတော်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဗန်းမော် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ကျွန်း(၂၅၀)ပင်၊ ခရေ(၁၃)ပင်၊ ကံ့ကော်(၄၅)ပင်၊ မယ်ဇယ်(၄၉)ပင်၊ ရေတမာ(၃၉)ပင်၊ မဟော်ဂနီ(၃၁)ပင်၊ စိန်ပန်း(၂၁)ပင်၊ ငါးပေါက်(၂၃)ပင်နှင့် မအူ(၅၀)ပင် စုစုပေါင်းပျိုးပင်(၅၂၁)ပင်တို့ကို အသီးသီးစိုက်ပျိုး ခဲ့ကြသည်။
ဗန်းမော်မြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း(၁၅၀၀၀)ပင်ပြုစုပျိုးထောင်၍ ဗန်းမော်မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများတို့အား ပျိုးပင်များကို အခမဲ့ဖြန်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းအောင်ထံမှ သိရသည်။