အမ်း ဇွန် ၁၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများအား လေယာဉ်ကွင်းရပ်ကွက်၊ အမှတ်(၃) စျေးရပ်ကွက်တို့တွင် ယနေ့ နံနက်(၇)နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခတ်ခြင်း) လုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများဖြစ်သော မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ပြည်သူများ နေထိုင်ရာ အိမ်များရှိ အုတ်ကန်၊ ဘုရားညောင်ရေအိုး၊ ပေပါ၊ အိုးခွက်များအား စစ်ဆေး၍ အဘိတ်ဆေး ခတ်ပေးခြင်းများ၊ သွေးလွန်တုပ် ကွေးကြိုတင် ကာကွယ်ရေး နည်းလမ်းများအား အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများအား ရပ်ကွက်/ကျေးရွာများဖြစ် သော လေယာဉ်ကွင်း ရပ်ကွက်၊ အမှတ်(၃)ဈေးရပ်ကွက်၊ ဈေးတောင်ရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ပျဉ်းတောကျေးရွာတို့တွင် ဇွန်လ(၁၂)ရက် စနေနေ့မှ စတင်ကာ ဇွန်လ (၂၆)ရက်နေ့အထိ အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။
စိုးမင်းထွန်း