ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်စေရေး ကျေးရွာချင်းဆက်လမ်းများပေါ်တွင်  Box Culvert တံတား(၇)စင်း တည်ဆောက်

ကျောက်ဆည်   ဇွန်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်ပြီး ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက် လမ်းများအား ပြုပြင်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းနှင့် တံတားများ တည်ဆောက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-သူငယ်တော်-ကတဲ-ပနန်-ပန်းခွာ-ကုန်းကြီး-စင်းကွန်း-ဘုံကွင်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် Box Culvert တံတား(၇)စင်း တည်ဆောက်ပေးလျက် ရှိကြောင်းသိရှိရသည်။

ထိုသို့ တံတားများတည်ဆောက်ပေးရာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၃၆)သန်းဖြင့်အလျား(၂၄)ပေ၊ အကျယ်(၅)ပေ၊ အမြင့်(၅)ပေ၊ Box Culver တံတား(၆)စင်း၊ ခွင့်ပြုရန်ပုံငွေကျပ်(၁၀)သန်းဖြင့် အလျား (၂၄)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့်(၇)ပေ Box Culvert တံတား(၁)စင်း၊ စုစုပေါင်း တံတား(၇)စင်းကို မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပေးလျက်ရှိရာ ယခုအခါတံတားများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရှိရသည်။

ကျောက်ဆည်-သူငယ်တော်-ကတဲ-ပနန်-ပန်းခွာ-ကုန်းကြီး-စင်းကွန်း-ဘုံကွင်း-ကျေးရွာချင်းဆက် လမ်းသည် အရှည်(၁၀)မိုင်(၃)ဖာလုံရှည်သည့် ဂျင်းလမ်းဖြစ်ပြီး Box Culvert တံတားများ တည်ဆောက်ပေးခြင်းဖြင့် လမ်းအသုံးပြုနေသည့် ကျေးရွာ(၁၀)ရွာမှ အိမ်ခြေ(၂၁၄၉)အိမ်၊ လူဦးရေ (၉၇၃၃)ဦး၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ပိုမိုဖွံ့ဖြိုးလာပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှုများ မြန်ဆန်လာမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)