မင်းပြားမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်

မင်းပြား  ဇွန်  ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများ အား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများအား ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အဖြစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၇၀) အုပ်စုများရှိ ကျေးရွာများမှကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ် (၁၁၄၅၈) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၉၆,၀၈၀,၀၀၀) ကျပ်အား မင်းပြားမြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုး၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနဦးစီးမှူး ဦးညီညီဌေးတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများအား ပြန်လည်ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ စုရပ်များဖြင့်၎င်း၊ အိမ်တိုင်ရာရောက်စနစ်များဖြင့် စီစဉ်ဆောင်ရွက် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း