ကျောက်တန်းမြို့နယ် သံတဲကျေးရွာတွင် မြေသားရေကန်အနက်နှိုက်ခြင်းနှင့် HDPE Sheet ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကျောက်တန်း ဇွန်  ၁၁

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရန်နှင့် နွေရာသီ၌ ရေရှားပါးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကျေးရွာများတွင် မြေသားရေကန် တူးဖော်ခြင်း၊ ရေကန်အနက်နှိုက်ခြင်း၊ ရေကန်ခြံစည်းရိုးကာရန်ခြင်းနှင့် အမြင့်တင် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ်  သံတဲကျေးရွာတွင် မြေသားရေကန်အနက်နှိုက်ခြင်းနှင့်  HDPE Sheet ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြေသားရေကန်များအား HDPE Sheet ခင်းခြင်း ဆောင်ရွက်ခြင်းကြောင့် ပင်လယ်ကမ်းခြေရှိ ကျေးရွာများတွင် ရေကန်များအတွင်း ပင်လယ်ဆားငန်ရေ ဝင်ရောက်မှု မရှိခြင်း၊ မြေအောက်ရေ စိမ့်ဝင်မှုမှ တားဆီးနိုင်ခြင်း၊ ရေပိုမိုသိုလှောင်နိုင်ခြင်း၊ နုန်းမြေပို့ခြင်းမှ ကာကွယ်နိုင်ခြင်းနှင့် ဓာတုဆေးပစ္စည်းများ စိမ့်ဝင်ခြင်းမှ ကာကွယ်နိုင်ပြီး  ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံး ရေရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေသားရေကန်အား အနက်နှိုက်ခြင်းနှင့်  HDPE Sheet  အလျား ၉၀ ပေ၊ အနံ ၇၀ ပေ၊ အနက် ၁၂ ပေ  ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက  သံတဲကျေးရွာရှိ အိမ်ထောင်စု (၁၁၀)မှ လူဦးရေ (၄၇၂) ဦးအတွက်  သောက်သုံးရေသန့် ဂါလန်  ၄၇၀၀၀၀ ခန့် ရရှိမည်ဖြစ်ပြီး တစ်နှစ်ပတ်လုံး သောက်သုံးရေးဖူလုံစွာ သုံးစွဲနိုင်မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က ပြောကြားသည်။

ခင်ဆွေဝင်း