စဉ့်ကိုင် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် နွေနှမ်းများ စိုက်ပျိုးလျက်ရှိရာ ယခုအချိန်သည် နှမ်းများရိတ်သိမ်းသည့် ရာသီဖြစ်သဖြင့် စျေးကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးသူများအနေဖြင့် စျေးကောင်းရရှိသောကြောင့် အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
နွေနှမ်း စတင်စိုက်ပျိုးမည်ဆိုလျှင်မြေများကို စနစ်တကျ ထွန်ယက်ပြုပြင်၍ ဘောင်တန်း စနစ်ဖြင့် လည်းကောင်း၊ ပက်ကြဲ စနစ်ဖြင့် လည်းကောင်း စိုက်ပျိုးရကာ တစ်ဧကလျှင် နှမ်းနှစ်ပြည်မှ သုံးပြည် အထိပက်ကြဲရပြီး ရေသွင်းစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နှမ်းပင်များပေါက်လာပြီး (၁၈)ရက်မှ (၂၀) ရက်သား အချိန်တွင် ပေါင်းနှုတ်ခြင်း၊ နှမ်းသားခွဲခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရကြောင်း၊ အထွက်နှုန်း ကောင်းမွန်စေရန် မြေသြဇာ၊ အပင်အားဆေး၊ ပိုးသတ်ဆေးတို့ကို နှစ်ပတ်မှသုံးပတ်အတွင်း ပက်ဖျန်း ပေးရကြောင်း စိုက်ပျိုးစရိတ်အနေဖြင့် တစ်ဧကလျှင်ငွေကျပ် တစ်သိန်း၀န်းကျင် ကုန်ကျ၍ နှမ်းသက်တမ်း အနေဖြင့် ရက်ပေါင်းရှစ်ဆယ်ခန့်အကြာ ရိတ်သိမ်းရပြီး (၇)ရက်အကြာ နေလှမ်းခြွေလှေ့သန့်စင်ခြင်းများ ဆောင်ရွက်ပေးရကြောင်း သိရသည်။
နှမ်းအထွက်နှုန်းမှာ တစ်ဧကလျှင် (၁၃)တင်းမှ (၁၄)တင်းအထိ ထွက်ရှိကာဈေးနှုန်းမှာ တစ်တင်းလျှင် (၄၆၀၀ဝိ/)ကျပ် ရရှိပြီး စျေးကောင်းရရှိကာ နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ပုဏ္ဍားရွာ ကျေးရွာမှ နွေနှမ်း(၁၀)ဧက စိုက်ပျိုးထားသူ ဒေါ်ကြူထံက သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်)