ကျောက်မဲ ဇွန် ၁၁
မြန်မာနိုင်ငံအတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ပြန်လည်ဖြစ်ပေါ်နေလျက်ရှိရာ ကျောက်မဲမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ကျောက်မဲမြို့အဝင် ပင်လုံလမ်း၊ ပြည်သူ့ဆေးရုံကြီးရှေ့တွင် ယနေ့ နံနက်ပိုင်းမှစ၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ် ထားရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို မြိုနယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများက နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၇ နာရီ အထိ အလှည့်ကျ တာဝန်ယူ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပ ပြန်လည်ရောက်ရှိ လာသူများ၊ ရောဂါဖြစ်ပွားမှုများရာဒေသမှ ပြန်လာသော မော်တော်ယာဉ် (လူစီးကား)နှင့် ဆိုင်ကယ်များ ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Quarantine Center ကိုကျောက်မဲမြို့၊ အမှတ် ၈ ရပ်ကွက်၊ တရုတ်ဘုံကျောင်း၌ စီစဉ် ဆောင်ရွက်ထားရှိပြီး ရောဂါအဖြစ်များသည့်ဒေသနှင့် Stay at Home ဟု သတ်မှတ်ထားသည့် စစ်ကိုင်းတိုင်းမှ တမူး၊ ကလေး၊ ချင်းပြည်နယ်မှတွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်းနှင့် တီးတိန် မြို့နယ်များမှ ပြန်လာသူများကို Facility Quarantine ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း ကာလများတွင် ထားရှိခဲ့သည့် ကျန်းမာ ရေးစစ်ဆေးရေးဂိတ် (Check Point) ၂ ခုမှာ ဖေဖေါ်ဝါရီလတွင် ခေတ္တပိတ်သိမ်းခဲ့ပြီး ယခုတဖန်ပြည်တွင်း ၌ ကိုဗစ်-ရောဂါ ကူးစက်မှုရှိလာသည့်အတွက် ကျန်းမာရေး ဂိတ်ကို ပြန်လည်ထားရှိရခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)