ကော့မှူး ဇွန် ၁၁
၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင် သံဃာ/သီလရှင်များအား အောင်လက်မှတ်နှင့် နဝကမ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်း သဘင် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ဘုရားလမ်းရပ်ကွက် တောရကျောင်းလမ်း တောရကျောင်းတိုက်ရှိ မိဂဒါဝုန်ဓမ္မာရုံတွင် ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ရာ နာယကဆရာတော်များ၊ စာအောင်သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့မိမြို့ဖများ၊ မြို့နယ်ဥပဌာကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအား ကြွရောက်လာကြသူများက နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ ကြသည်။ ထို့နောက် ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တတိက္ခထံမှ (၅)ပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်းများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝမှ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ကျင်းပခဲ့သော ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော သံဃာတော်နှင့် သီလရှင်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများမှ အောင်လက်မှတ်များနှင့် ဝတ္ထုငွေများအား အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် အခြေပြု မူလတန်းအောင် (၂၁)ပါး၊ ပထမငယ်တန်း အောင်(၁၇)ပါး၊ ပထမလတ်တန်း အောင်(၁၆)ပါး၊ ပထမကြီးတန်းအောင်(၁၆)ပါး စုစုပေါင်း သံဃာနှင့် သီလရှင် (၇၀)ပါး အတွက် အောင်လက်မှတ်များနှင့် ဝတ္ထုငွေများ ဆက်ကပ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
မောင်အေးချမ်း