နောင်ချိုမြို့၌ စာအောင်သံဃာတော်များ ချီးကျူးပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် ဂုဏ်ပြု အခမ်းအနားကျင်းပ

နောင်ချို ဇွန် ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ဟော်တော်ကျောင်းတိုက်၌ ၂၀၂၀ ပြည့်နှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား ချီးကျူးပူဇော်ပွဲနှင့် စူဠဘွဲ့နှင့်သဘင်းဂုဏ်ပြု အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ဧည့်ပရိသတ်များမှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော်မှ ဩဝါဒကထာ မိန့်ကြား၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ယင်းနောက် ၂၀၂၀ ပြည့်နှစ် အစိုးရဓမ္မစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲတွင် ဖြေဆို အောင်မြင်ခဲ့ကြသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၃၅)ပါးတို့ကို အမှတ်(၉၀၂) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တောင်ခမ်းမှ ခေတ္တမစခမှူး ဗိုလ်မှူးကြီးနိုင်ဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့် ဌာနဆိုင်ရာများက အောင်လက်မှတ်နှင့် စာအောင်ဆုများ အသီးသီးဆက်ကပ်ခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထွေးငယ် (ပြန်/ဆက်)