မိုင်းဆတ်မြို့၌ ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲကျင်းပ

မိုင်းဆတ် ဇွန် ၁၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်)တွင် ကျင်းပခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေးက ကလေးတိုင်း ကျန်းမာစွာ အသက်ရှင်သန်နေထိုင်ခွင့်၊ လွဲမှားစွာပြုကျင့်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်းတို့မှ ကာကွယ်စောင့်ရှောက်ခံယူခွင့်၊ ခန္ဓာ၊ စိတ်၊ အသိအမြင်အတွေး အခေါ်အဖက်ဖက်မှ ဖွံ့ဖြိုးတိုး တက်ခွင့်၊ အခြေခံပညာကို အခမဲ့သင်ယူခွင့်၊ မိမိတို့နှင့်သက်ဆိုင်သော၊ မိမိတို့အား တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသော အကြောင်းကိစ္စများတွင် မိမိတို့၏ အသက်အရွယ်နှင့် ရင့်ကျက်မှုအလိုက် နားထောင်ခွင့်၊ ပါဝင်ဆွေးနွေးခွင့်နှင့် ဆုံးဖြတ်ချက်ချပိုင်ခွင့်၊ အသက်အရွယ်နှင့် ဆီလျော်သော သတင်းအချက်အလက်များရရှိခွင့်၊ မိမိတို့၏ဆန္ဒနှင့်ထင်မြင် ယူဆချက်များကို ဖော်ထုတ်ခွင့်၊ ကလေးများလိုက်နာရမည့်ကျင့်ဝတ်နှင့်စည်းကမ်းများ၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးခွန်းများ ပြန်လည်မေးမြန်းဆွေးနွေးပြီး ကျောင်းသား၊ကျောင်းသူများအား ဗလာစာအုပ်၊ ဘောလ်ပင်နှင့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ သန်းဇော်(မိုင်းဆတ်)