ကျောက်ဆည် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်တွင် ကုလားကျောင်းကျေးရွာအုပ်စု၊ တောင်ပလူကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေများ ပူးပေါင်းပြီး ကျေးရွာဘက်စုံ သုံးခန်းမတစ်ခု တည်ဆောက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ရာတွင် အရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ (၅၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်(၁၂၁)သိန်းနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ်(၆၈)သိန်း၊ စုစုပေါင်း ငွေကျပ်(၁၈၉)သိန်းဖြင့် အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၂)ပေ သွပ်မိုး၊ နံကပ်တစ်ထပ် အဆောက်အဦ ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် တောင်ပလူကျေးရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမတည် ရန်ပုံငွေကျပ်သိန်း(၃၀၀) စတင်ထုတ်ချေးပေးခဲ့ပြီး ရရှိလာသော စီမံကိန်း အတိုးရငွေများနှင့် ပြည်သူထည့်ဝင်ငွေများ စုပေါင်းပြီး ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ဘက်စုံသုံးခန်းမတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပသည့်အခါ အသုံးပြုသွားမည် ဖြစ်သောကြောင့် များစွာအဆင်ပြေ ကောင်းမွန်ကြောင်း တောင်ပလူကျေးရွာမှ ရပ်မိရပ်ဖ ဦးသိန်းထွန်းဦးက ပြောပြသည်။
တင်တင်ထွေး