မောင်တော ဇွန် ၁၁
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယမန်နေ့ မွှန်းလွဲပိုင်း အချိန်က မောင်တော− ဘူးသီး တောင် သွားကားလမ်း (၃)မိုင်လမ်းဆုံတွင် ယာဉ်များသွားလာခြင်း အခိုက်အတန့် အဆင်မပြေ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မောင်တော−ဘူးသီးတောင် သွားကားလမ်း(၃)မိုင် လမ်းဆုံတွင် ကွန်ဂရစ် လမ်းခင်းကျင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အဆင်ပြေစေရန်အတွက် လမ်းတစ်ဘက်ခြမ်းပိတ်ထား၍ ဆောင်ရွက်ရခြင်း ၊တန်ပိုကုန်တင်ကားများ ဝေသာလီ− ဥဒေါင်း ကားလမ်းအပိုင်းမှ ဖြတ်သန်းသွားလာခြင်း၊ (၃)မိုင်လမ်းဆုံတွင် လမ်းပခုံးနိမ်ကျမှုများ ဖြစ်ပေါ်နေခြင်း၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများ အားသိရှိ လိုက်နာမှု မရှိခြင်းကြောင့် ယာဉ်များသွားလာမှု အခိုက်အတန့် အဆင်မပြေမှု ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရှိရ သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့သည် တန်ပိုယာဉ်များဖြတ်သန်းသွားလာခြင်းအား စစ်ဆေး ရာတွင် သတ်မှတ်ကုန်တင်ဝန်ထက်ပိုသော၊ ကုန်တင်ယာဉ်ကြီးများအနေဖြင့် ခွင့်ပြုထားသည့်မောင်တော − အလယ်သံကျော်− ဥဒေါင်း လမ်းဆုံ လမ်းအပိုင်းမှ သွားလာခြင်းမရှိဘဲ ၊ ဝေသာလီ −ဥဒေါင်း လမ်းအပိုင်းမှ သွားလာနေခြင်းကြောင့် လမ်းများပျက်စီးနေရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တန်ပို စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိပြီးဖြစ်ရာ အဆိုပါအဖွဲ့အား ဝေသာလီရွာထိပ်(ဂေါက်ကွင်း) အနီးတွင် တန်ပို စစ်ဆေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး( လမ်းခံနိုင်ဝန် − ယာဉ်+ ကုန် ၁၃တန်) အထက် တန်ပိုကုန်တင် ယာဉ်ကြီးများအား တန်ပိုကြေးများကောက်ခံပြီး နိုင်ငံတော်ဘဏ္ဍ ရရှိရေး အတွက် ရခိုင်ပြည်နယ် စီမံ အုပ်ချုပ်ရေး ကောင်စီသို့ တင်ပြဆောင်ရွက်ပြီး လမ်းပျက်စီးမှု မရှိစေရေးအတွက် ကြပ်မက် ဆောင်ရွက် လျက်ရှိ ကြောင်းသိရသည်။
သက်လွင်စိုး