နေပြည်တော် ဇွန် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့တွင်းခရီးသည်ယာဉ်များအား စည်းကမ်းတကျ ပြန်လည် ပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နေပြည်တော်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မြို့တွင်း) အနေဖြင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးပေးစေလိုကြောင်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မောင်းနှင်စေလိုကြောင်း၊ အများပြည်သူများအတွက် သင့်တင့်သည့်ဈေးနှုန်းများ သတ်မှတ်ပြီး ပြေးဆွဲပေးနိုင်ရေးကို ဆွေးနွေးပေးစေလိုကြောင်း၊ ယာဉ်လိုင်းများ ပြေးဆွဲရာတွင် မြို့တော်အင်္ဂါရပ်နှင့်အညီ စည်းကမ်းတကျ ပြေးဆွဲနိုင်ရေးကို ကြပ်မတ်ဆောင်ရွက် စေလိုကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူထွဏ်းက ခရီးသည်ယာဉ်များအား စနစ်တကျရှိစေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေမှုအခြေ အနေများကိုလည်းကောင်း၊ နေပြည်တော်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မြို့တွင်း)ဥက္ကဋ္ဌ ဦးစိုးကြီးက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ယာဉ်လိုင်များ ပြေးဆွဲနေသည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင် ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင် ပြန်/ဆက်)