ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇွန် ၁၁

၂၀၂၁ ခုနှစ်၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယခုလို အသက်(၂၅) နှစ်အောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကျန်းမာကြံ့ခိုင်သော အမျိုးသမီးများ ပေါ်ထွက်လာစေရေး၊ အမျိုးသမီးတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသမီးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မြန်မာအမျိုးသမီး ဘောလုံးအသင်းအား တစ်ထောင့် တစ်နေရာမှ အထောက်အကူဖြစ်စေရေး မြန်မာအမျိုးသမီးများ၏ ကျား၊ မ တန်းတူ အခွင့်အရေးရရှိပြီး ပြိုင်တူဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးတို့ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှ ရှမ်းပြည်နယ် ကိုယ်စားပြု အမျိုးသမီးဘောလုံး လက်ရွေးစင်များ ရွေးချယ်ပြီး ၂၀၂၁ခုနှစ် သြဂုတ်လ (၉) ရက်နေ့မှ (၂၂)ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ချန်ပီယံအသင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် COVID-19 ရောဂါကြောင့် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်း မရှိဘဲ ယခု၂၀၂၁ ခုနှစ်မှသာ ပြန်လည်ကျင်းပရခြင်းဖြစ်၍ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ လက်ရွေးစင် အားကစားသမားများ ရွေးချယ်ပြီး ရှမ်းပြည်နယ်အသင်း စုဖွဲ့နိုင်ရန်အတွက် မိမိစွမ်းအားရှိသမျှ ယှဉ်ပြိုင်ကစားကြရန် လိုအပ်မှာဖြစ်ပါကြောင်း၊ အားကစားထူးချွန်စေရေးအတွက် ဘက်ပေါင်းစုံက အထောက်အပံ့များ ပြည့်စုံရန် လိုအပ်ပါကြောင်း၊ မြို့နယ်များ၏ ပံ့ပိုးမှု၊ ပြည်သူများရဲ့ အားပေးမှု၊ အားကစားဝါသနာရှင်များ၏ ကူညီထောက်ပံ့မှု တို့အပြင် အဓိကကျသည့် အားကစားသမားများ၏ စီမံအုပ်ချုပ်သူများရဲ့ ခံယူချက်မှန်ကန်ရန်၊ ဇွဲ၊ စိတ်ဓါတ်ကို အရင်းခံပြီး ကြိုးပမ်းအားထုတ်မှု၊ ထက်မြက်နေရန် အထူးလိုအပ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဌာန်ရွတ်ဆို၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် ပြိုင်ပွဲပထမနေ့ပွဲစဉ်အဖြစ် မိုင်းဆတ်ခရိုင်အသင်းနှင့် ကျိုင်းတုံခရိုင်အသင်း ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ကြည့်ရှုအားပေးကြသည်။

အဆိုပါ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသနှင့် ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တောင်ကြီး ခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ မူဆယ်ခရိုင်၊ မိုးမိတ်ခရိုင်၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပအိုဝ်း၊ဓနု၊ အသင်းများပါဝင်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲကို ဇွန်(၁၀)ရက်မှ (၂၃)ရက်ထိနှင့် (၁)ရက်လျှင် (၂) ပွဲနှုန်းဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)