သန်လျင်၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ

သန်လျင် ဇွန် ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးကောင်စီရုံး ရှင်စောပု အစည်းအဝေးခန်းမတွင် ခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနေဝင်းအောင်က ခရိုင်အတွင်း လုံခြုံရေး ကိစ္စရပ်များ အထူးအလေးထား ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကိစ္စရပ်များ၊ မြို့ပြကျေးလက်လမ်း တံတားတည်ဆောက်ရေးကိစ္စရပ်များ အချိန်မီပြီးစီးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးမှုများ၊ ပညာရေးကိစ္စရပ်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား မိဘများ ပူးပေါင်း၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြေခံပညာကျောင်းများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးကို အထူးသတိရှိစွာ ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ် ထွန်းရေးနှင့် ဌာနဆိုင်ရာများ လုံခြုံရေးအထူးအလေးထား ဆောင်ရွက်ရန် အစရှိသော ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းမှာကြားသည်။

ထို့နောက် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ လုပ်ငန်းဆွေးနွေးတင်ပြမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်