သာစည် ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀ နာရီချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်က အဖွင့်အမှာ စကားပြောကြား ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မိမိတို့၏ ဌာနများအလိုက် ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် ပေါင်းစပ်ညှိနှိုင်းရမည့် ကိစ္စရပ်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျောင်းများဖွင့်လှစ် ထားရှိနိုင်မှုအခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးဇော်ဝင်းမှ ယခုအချိန်သည် လုံခြုံရေးကိစ္စရပ်များ အထူးအလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့၏ ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးအတွက်၊ ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ချက်ချင်းဖြေရှင်းပေးနိုင်သည့် ကိစ္စရပ်များအား ဖြေရှင်းပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအတွက်လည်း ညှိနှိုင်းပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းတို့အား တစ်ဦးချင်းအလိုက် ပြန်လည်ရှင်း လင်းဆွေးနွေးပေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။