မိုးနဲမြို့ ဟွေဟေးဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း

မိုးနဲ ဇွန် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ရွှေပိုးပရဟိတအသင်းနှင့် အလှူရှင်များ ပူးပေါင်းကာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်များတွင် ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ဟွေဟေးကျေးရွာရှိ ဟွေဟေးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်လှူဒါန်းရာတွင် ရွှေပိုးပရဟိတအသင်း နာယက စိန်တောင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုန္ဒရ၊ ရွှေပိုးပရဟိတအသင်းမှ အဖွဲ့ဝင်များက ဟွေဟေး ဘုန်းတော်ကြီး ကျောင်းသို့ ဆွမ်းဆန်တော် တစ်အိတ်၊ ဆီ သုံးပိဿာ၊ ကြက်သွန်နီ ၁၀ ပိဿာ၊ ကြက်ဥ အလုံး ၁၀၀၊ အပါအဝင် ဆွမ်းဟင်းလျာများအတွက် စားသောက်ကုန် ၂၀ မျိုးကို ဆက်ကပ်လှူဒါန်းရာ ကျောင်းထိုင် ဆရာတော်က လက်ခံခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)