မင်းပြား ဇွန် ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်းနှင့် သားသမီးများအား ပညာသင် ထောက်ပံ့ကြေး ငွေများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးက အခြေခံစားသောက်ကုန်နှင့် ပညာသင်ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား တစ်ဦးလျှင် ငွေကျပ်တစ်သောင်းတန်ဖိုးရှိ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်၊ ခေါက်ဆွဲနှင့်ကြက်ဉများအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပညာသင်ယူနေကြသော မူလတန်း အဆင့် တစ်ဦးလျှင် ငွေ(၅၀၀၀) ကျပ် နှုန်းဖြင့် (၂၃)ဦး၊ အလယ်တန်းအဆင့်တစ်ဦးလျှင် ငွေ (၈၀၀၀) ကျပ်နှုန်းဖြင့်(၆)ဦး၊ အထက်တန်း အဆင့် တစ်ဦးလျှင် ငွေ(၁၂၀၀၀)ကျပ်နှုန်းဖြင့် (၁၀) ဦးနှင့် တက္ကသိုလ်အဆင့်တက်ရောက်နေသူ တစ်ဦးလျှင်ငွေ (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၁၄)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၅၃) ဦးအတွက် ပညာသင်ထောက်ပံ့ကြေးငွေ စုစုပေါင်း (၅၉၃၀၀၀) ကျပ်အား ရပ်ကွက်/ကျေးရွာစာရေး ဝန်ထမ်းသားသမီးများအား အသီသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)