ဇမ္ဗူသီရိ ဇွန် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြသွားကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ဂရုပြုလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကိုလည်း စာရင်းပြုစုထားရန် လိုကြောင်း၊ မိမိရုံး ဌာနလုံခြုံရေး သတိပြုကြရန်၊ ဌာနဆိုင်ရာ ရုံးများ၊ မြို့နယ်အတွင်းရှိ ဈေးများနှင့် ရပ်ကွက်၊ ကျေးရွာများအတွင်း မီးဘေးအန္တရာယ်ကို ဂရုပြုရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထူးကလည်း ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်းစီမံလျာထားချက် အခြေအနေများအား ဆွေးနွေး ပြောကြားခဲ့ကြပါကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)