ထန်းတပင်(ရန်ကုန်) ဇွန် ၁၀
ကျေးလက်ဒေသများတွင် သန့်ရှင်းသော ရေများရရှိနိုင်ရေး သောက်သုံးရေအခက်အခဲများမဖြစ် ပေါ်စေရေးနှင့် ကြိုတင်ကာ အကူအညီပေးဆောင်ရွက်နိုင်ရေးတို့အတွက် ကျေးရွာအများသုံးရေ အရင်း အမြစ်စစ်တမ်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကောက်ယူ လျက်ရှိပြီး ဇွန်လ(၁၀)ရက်နေ့အထိ ကောက်ယူပြီးစီးမှုအနေဖြင့် ကျေးရွာပေါင်း(၆၄)ရွာ ကို စစ်တမ်းကောက်ယူပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
ကျေးရွာအများသုံး ရေအရင်းအမြစ်စစ်တမ်း ကောက်ယူရာတွင်လည်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးနိုင်နှင့် ဝန်ထမ်းများက ကျေးရွာများ အရောက် မြေပြင်ကွင်းဆင်းကာ ကောက်ယူလျက်ရှိပြီး ကျေးရွာတစ်ရွာအား စစ်တမ်းကောက်ယူပါက အိမ်ခြေ၊ လူဦးရေ အချက်အလက်များ စာရင်းသွင်းခြင်း၊ စာသင်ကျောင်းနှင့် ဆေးပေးခန်းရှိ/မရှိ၊ စာသင် ကျောင်းနှင့် ဆေးပေးခန်းရှိပါကလည်း ရေပေးဝေမှုစနစ်များရှိ/မရှိ၊ ကျေးရွာနေပြည်သူများသုံးစွဲနေ သည့် ရေအမျိုးအစားနှင့် လက်ရှိသုံးစွဲနေသည့် ပန့်အမျိုးအစားများ စာရင်းကောက်ယူခြင်း၊ တစ်အိမ်သုံး စနစ်တွင်လည်း လက်ရှိသုံးစွဲနေသည့် ရေအမျိုးအစားများစစ်ဆေးခြင်း၊ ကျေးရွာ အများသုံး သောက်သုံးရေကန်အားသုံးစွဲနိုင်သည့် အိမ်ခြေပမာဏနှင့် နွေရာသီတွင်ရေပြတ်လပ်မှုများ ရှိ/မရှိတို့ကို စစ်တမ်းကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
ကျေးရွာတစ်ရွာကနေ အချက်အလက်ကောက်ယူပြီးသွားရင် (ပြုပြင်ထိန်းသိမ်းရေးစနစ်) လို့ ခေါ်တဲ့ RWS-MIS Software ထဲ့ကို တစ်ခါတည်း ထည့်ရတယ်၊ အဓိက ကတော့ ကျေးရွာအများသုံး ရေအရင်းအမြစ်ကို အဓိကထားပြီးတော့ ကောက်ပါတယ်။ လက်ရှိကောက်ယူပြီးစီးမှုအနေနဲ့ကတော့ ထန်းတပင်မြို့နယ်မှာက ကျေးရွာအုပ်စုက(၅၄)အုပ်စု၊ ကျေးရွာပေါင်းက(၂၃၃)ရွာရှိတယ်၊ ကောက်ယူပြီးစီးမှု အနေနဲ့ကတော့ လက်ရှိမှာ(၆၄)ရွာထိ စစ်တမ်းကောက်ယူပြီးသွားပြီး ကျန်တဲ့ ကျေးရွာတွေ အကုန်လုံး ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ပြီးစီးအောင် ကောက်ယူ သွားမှာပါဟု ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ ကိုရဲလင်းထိုက်က စစ်တမ်းကောက်ယူပြီးစီးမှု အခြေအနေများကို ရှင်းပြသည်။
ဇင်မင်းထိုက်