မိုးရာသီ သစ်ပင်စိုက်ပျိုးရေး သန်လျင် ကျောက်တန်း ခရမ်းမြို့နယ်များ၌ ပျိုးပင်ပေါင်း ငါးသောင်း ပျိုးထောင် ထားရှိ

 

သန်လျင် ဇွန် ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ၂၀၂၀- ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် သန်လျင်မြို့နယ်၊ ကျောက်တန်း မြို့နယ်နှင့် ခရမ်းမြို့နယ်တို့ရှိ (မြို့မ) ပျိုးဥယျဥ်များတွင် ပျိုးပင်ပေါင်း ၅၀၀၀၀ ပျိုးထောင် ထားရှိကြောင်း ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် သစ်တောဦးစီးဌာနရုံးမှ သိရသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် သန်လျင်မြို့နယ် (မြို့မ) ပျိုးဥယျဥ်တွင် ကျွန်း ၆၀၀၀ ပင်၊ ပျဥ်းကတိုး ၁၀၀၀ ပင်၊ ပိတောက် ၃၅၀၀ ပင်၊ မဟော်ဂနီ ၄၀၀၀ ပင်၊ ပျဥ်းမ ၁၅၀၀ ပင်၊ ကံကော် ၅၀၀ ပင်၊ မန်ဂျန်ရှား ၅၀၀၀ ပင်၊ ခရေ ၁၀၀၀ ပင်၊ နံ့သာနီ ၅၀၀ ပင်၊ မယ်ဇယ် ၂၀၀၀ ပင်အား ပျိုးထောင်ထားရှိပြီး ကျောက်တန်းမြို့နယ် (မြို့မ) ပျိုးဥယျဥ်တွင် ကျွန်း ၄၀၀၀ ပင်၊ ပျဥ်းကတိုး ၅၀၀ ပင်၊ ပိတောက် ၃၀၀၀ ပင်၊ မဟော်ဂနီ ၃၀၀၀ ပင်၊ မန်ဂျန်ရှား ၄၀၀၀ ပင်၊ နံ့သာနီ ၅၀၀ ပင်ပျိုးထောင်ထားရှိကာ ခရမ်းမြို့နယ် (မြို့မ) ပျိုးဥယျဥ်တွင် ကျွန်း ၄၀၀၀ ပင်၊ မဟော်ဂနီ ၁၀၀၀ ပင်၊ ပျဥ်းမ ၂၅၀၀ ပင်၊ မန်ဂျန်ရှား ၂၀၀၀ ပင်နှင့် နံ့သာနီ ၅၀၀ ပင်တို့အား ပျိုးထောင် ထားရှိကြောင်း သိရသည်။

အဆိုပါ ပျိုးပင်များအား ယခုနှစ်မိုးရာသီတွင် သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်နှင့် သုံးခွ မြို့နယ် တို့ရှိ ရုံးဌာနများ၊ စာသင်ကျောင်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ စက်ရုံ၊ အလုပ်ရုံများနှင့် ဆည်များ၊ အင်းများ တို့တွင်စိုက်ပျိုးသွားမည်ဖြစ်ပြီး မိုးရာသီသစ်ပင်စိုက်ပျိုးကြမည့် ပရဟိတအဖွဲ့များနှင့် ပြည်သူများအား ပျိုးပင်များ (အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်