မိုးညှင်း ဇွန် ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့(လုံးတုံ) အထက်တန်း ကျောင်းအား မသမာသူတို့မှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်နှင့် တစ်ထပ် ဟောခန်း တစ်ဆောင်တို့ မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ရသည်။
ဇွန်လ(၉)ရက်နေ့ ည(၁၀)နာရီခွဲအချိန်ခန့်တွင် မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့ ရွှေပြည်သာရပ်ကွက်(လုံးတုံ)အထက်တန်းကျောင်းဝင်းအတွင်းရှိ အလျား(၆၀)ပေ၊ အနံ(၂၄)ပေ၊ အမြင့်(၂၄)ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ နှစ်ထပ်ကျောင်းဆောင်(အဟောင်း)မှ စတင် မီးလောင်ကျွမ်းခဲ့ပြီး အနီးရှိအလျား(၁၂၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၁၈)ပေ၊ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ် ဟောခန်းပါ မီးလောင်ကျွမ်းခဲ့သဖြင့် အင်းတော်ကြီးမြို့၊ နန့်မွန်းမြို့ နှင့်နန့်ပတဲကျေးရွာတို့မှ မီးသတ်ယာဉ်(၃)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူတို့ နှင့်အတူဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ည(၁၁)နာရီ(၅၅)မိနစ်အချိန်တွင်မီးငြိမ်းသွားခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်နှင့် တစ်ထပ်ဟောခန်း တစ်ဆောင် မီးလောင်ပျက်စီးသွားသဖြင့် ကာလတန်ဖိုးငွေကျပ် (၂၄၆)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။