သန်လျင်၌ စာဖတ်ပရိတ်သတ်များအတွက် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ အခမဲ့ ဖတ်ရှုခြင်းနှင့် ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေး

ရန်ကုန် ဇွန် ၁၀

ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်ချိန်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များ အား ခေတ္တပိတ်ထားခဲ့ရာမှ ယခုအခါ ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ခရိုင်ပြည်သူ့စာကြည့်တိုက်အား ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်၍  ကိုဗစ်- (၁၉) စည်းကမ်းချက်များနှင့်အညီ အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအချိန်အထိ ဖွင့်လှစ်ကာ စာအုပ်များဖတ်ရှုခြင်းနှင့် စာအုပ်များအား ငှားရမ်းပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများဖတ်ရှုလေ့လာ ငှားရမ်းနိုင်ရန်အတွက် သုတ စာအုပ် ၈၀၈၅ အုပ်၊  ရသစာအုပ်များဖြစ်သော ဝတ္တု ၁၀၅၁ အုပ်၊ မဂ္ဂဇင်း ၁၆၈၆ အုပ်၊ ဂျာနယ် ၃၁၇၄ စောင်နှင့် ကလေးများအတွက် ရုပ်ပြ ၁၀၅၈ အုပ်တို့ထားရှိပြီး အဆိုပါ စာအုပ်၊ စာစောင်များအား စာကြည့်တိုက် ဖွင့်ချိန်အတွင်း မည်သူမဆို စာကြည့်တိုက်သို့ လာရောက်ကာ (အခမဲ့) ဖတ်ရှုငှားရမ်းနိုင်ကြောင်း သိရသည်။

အဆိုပါ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ စာပေဖတ်ရှုလေ့လာငှားရမ်းရန်အတွက် လာရောက်သူများအား စာကြည့်တိုက်အဝင်တွင် ပါးစပ်နှာခေါင်းစည်း Mask ထားရှိပေးခြင်း၊ လက်ဆေးနေရာများ ထားရှိပေးခြင်းနှင့် သတ်မှတ်အကွာအဝေးအတိုင်း စာပေဖတ်ရှုလေ့လာ ငှားရမ်းနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်