ရန်ကုန် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ဆန်စပါးသီးနှံ စိုက်ပျိုးကြသော ဒေသခံတောင်သူဦးကြီးများ၏ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးစပါးသီးနှံစိုက်ပျိုးကြမည့် လယ်ယာလုပ်ငန်းခွင်ဝင်နေမှုအား ယနေ့ နံနက်ပိုင်း က မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့မှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ထို့သို့ ကြည့်ရှုရာတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူကျော် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးသူ၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်း ဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဆွေ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးငြိမ်းသူဟန် တို့က မိုးရာသီ ဆန်းစပါး စိုက်ပျိုးကြမည့် ဒေသခံတောင်သူဦးကြီးများ၏ လယ်ယာလုပ်ငန်းခွင် အခြေအနေများ၊ မိုးစပါးစိုက်ပျိုးဧကနှင့် စီမံကိန်းလျာထားချက်များ ပြည့်မီစေရေး၊ လယ်သမားကြီးများ၏ လယ်ယာ မြေများ ရေကြီး ရေနစ်မြုပ်မှု မရှိစေရေးတို့အတွက် ရေလွှတ်မြောင်းများ၊ ချောင်း၊ မြောင်းများ တူးဖော် ဆောင်ရွက်ပြီးစီးသည့် အခြေအနေများ နှင့် ဆက်လက်တူးဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
ဒလမြို့နယ်၌ ယခုနှစ် မိုးစပါး ၄၆၇၄၂ ဧက စိုက်ပျိုးနိုင်ရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
နိုင်လင်းကျော်(IPRD)