မြစ်ကြီးနား ဇွန် ၁၀
ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီနှင့် ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဒေသတစ်ခု ပြည်နယ်တစ်ခုဖွံ့ဖြိုးတိုးတက်ရေးသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် များစွာအရေးကြီးပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြမှသာ ထိရောက်အောင်မြင်မည် ဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် တွင် မှတ်ပုံတင်ပြီး တရားဝင်လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီများရှိသကဲ့သို့ မှတ်ပုံတင် ပြုလုပ်ဆဲ ကုမ္ပဏီများလည်းရှိကြောင်း၊ လုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး နှင့် ဥပဒေအညီ လုပ်ကိုင်နိုင် ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့် အမြဲတမ်းချိတ်ဆက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယနေ့ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမည်သို့ဆက်လက် ဆောင်ရွက် သွားကြမည်ကို အလေးထားဆွေးနွေး ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ပြည်နယ်အတွင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တက် ရောက်လာကြသည့် KEP Logistics ကုမ္ပဏီ၊ မြန်မာရွှေဟိုကျင့်ချန်းကုမ္ပဏီ၊ ဘူးဂါးကုမ္ပဏီနှင့် မြန်မာဟိန်ရကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ကူညီဆောင်ရွက်ပေး ရန် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက တင်ပြချက်များအပေါ် ဖြည့်စွက်အကြံပြု ဆွေးနွေး ခဲ့ကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရင်းနှီး မြှုပ်နှံမှု လုပ် ငန်းများအပေါ် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ပြည်နယ်ဖွံ့ဖြိုးရေးနှင့် ပြည်နယ်သူ/ ပြည်နယ် သားများ အလုပ်အကိုင်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်