တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာရေးဆရာ ဦးဝင်းတင်၏ “ ကိုယ်သာလျှင် ကိုယ့်ဘဝသခင်” စာအုပ်အား စာဖတ်ဝိုင်းကျင်းပ

တံတားဦး  ဇွန်  ၁၀

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက  လူငယ်များစာဖတ်သည့်အလေ့အကျင့်ကောင်းရရှိစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် စာရေးဆရာဦးဝင်းတင်၏  “ ကိုယ်သာလျှင် ကိုယ့်ဘဝသခင် စာအုပ်အား မြို့နယ်ပြည်သူ့စာကြည့်တိုက် Community   Centre  ခန်းမတွင်    စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်

စာဖတ်ဝိုင်းတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက် လက်ထောက်- ဒေါ်သန္တာထွန်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင် စာရေးဆရာကိုရင်ထွန်းလွင် (သမန်းလွင်)က ပညာသင်ကြားခြင်း အနုပညာခေါင်းစဉ်မှပညာသင်ကြားခြင်း အနုပညာဆိုသည်မှာ အသက်ရှင်နေသရွေ့ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးနေခြင်းဖြစ်ကြောင်း သင်ဖြစ်နေသည့် အနေအထားမှာ ဖြစ်ချင်သည့်အနေအထားသို့ တိုးတက်ဖွံ့ဖြိုးသွားပါ၊ ပညာဆည်းပူးရန် အသက်ရှင်သန်ပြီး အသက်ရှင်သန်ရန် ပညာဆည်းပူးပါ။ ပိုမိုကြီးမားကျယ်ပြန့်သည့် ပညာရေးအယူအဆကို ပျိုးထောင်ပါ၊ ခဏတိုင်းသည်သင်ခန်းစာများဖြစ်သည်၊ လူတိုင်းသည် မိမိ၏ ဆရာများဖြစ်သည်၊ နေရာတိုင်းသည် ကျောင်းသင်ခန်းစာများဖြစ်သည်၊ စကြာဝဠာကြီးသည်ကား သင်၏တက္ကသိုလ် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်

ဆက်လက်ပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် စာရေးဆရာကိုခန့် (တံတားဦး)က စာဖတ်ခြင်း အနုပညာခေါင်းစဉ်မှ စာဖတ်ခြင်းအနုပညာကို ကျင့်သုံးရန် မွတ်သိပ်သော၊ စူးစမ်းသော၊ မေးမြန်းတတ်သော စိတ်ကို ဖွံ့ဖြိုးစေ၍ အဖြေကို စာအုပ်ထဲမှာရှာပါ စာအုပ်များကို ဖွင့်ထားခြင်းသည် တံခါးများကို ဖွင့်ထားခြင်းဖြစ်သည်၊ စာအုပ်များမှတစ်ဆင့် သင်သည် ဘဝပေါင်းများစွာကို တစ်ဘဝတည်းမှာ ရနိုင် နေနိုင်ပါသည်စသည့်အချက်များကို ဆွေးနွေး ပြောကြားခဲ့ရာ တက်ရောက်လာသော စာပေဝါသနာရှင်များမှ   မိမိတို့ဖတ်ရှုလေ့လာသည့် အခြားစာပေများကို ဆက်လက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်

ရဲတင့်(တံတားဦး)