တောင်ဥက္ကလာပမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ဥက္ကလာပ ဇွန် ၁၀

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြတ်မိုးက တောင်ဥက္ကလာပ​မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိသူ ဦးရေမှာ ယခုလအတွင်း(၄)ဦးရှိပြီး ရောဂါကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို မြိုနယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးနှင့် ပူးပေါင်း၍ Mask  Campaign ​ဆောင်ရွက်ပေးခြင်း၊ ရပ်ကွက်အလိုက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများအား ထားရှိရန် အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံတွင် ပြင်ဆင်ထားရှိကြောင်း မိမိရပ်ကွက်အလိုက် စေတနာ့ ဝန်ထမ်းများ ထားရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရ သည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာသူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တွေ့ကြုံရမည့် အခက်အခဲများ၊ လုပ်ဆောင်ရမည့် အခြေအနေများကို ပူးပေါင်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများတက်ရောက်ခဲ့ ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)