ရန်ကုန် ဇွန် ၁၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ စာပေကိုတန်ဖိုးထားဖတ်ရှု့သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထ ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စာရေးဆရာ ကောင်းသန့် ရေးသားသည့် “လူငယ်များ၏ မနက်ဖြန် (၄)” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စာပေချစ်မြတ် နိုးသူများ စုပေါင်း၍ လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာမ ပေါက်ပေါက်က စာရေးဆရာ ကောင်းသန့်၏ “လူငယ်များ၏ မနက် ဖြန်(၄)” စာအုပ်နှင့် ပတ်သပ်၍ ဖတ်ရှုလေ့လာထားမှုများကို ဦးဆောင်ဆွေးနွေးခဲ့ရာ အဆိုပါစာအုပ်ထဲမှ လူငယ်များအတွက် ဘဝအောင်မြင်ရေး နည်းလမ်းများစွာကို ဆွေးနွေးပေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ စာဖတ်ဝါသနာရှင်များက စာအုပ်တွင် ပါဝင်သည့် ကဏ္ဍရပ်များအလိုက် မိမိတို့နှစ်သက်ရာများကို အသီးသီး ပြန်လှန်ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းများကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ စာပေကိုချစ်မြတ်နိုးသူများ ပိုမိုးတိုးပွား လာစေကြောင်းလည်း မြို့နယ်တာဝန်ရှိသူထံမှ သိရသည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ Mask တပ်ခြင်းနှင့် လက်ဆေးခြင်းများကို လိုက်နာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)