ကျိုင်းတုံ ဇွန် ၁၀
ရှမ်းပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်က ကျိုင်းတုံမြို့ရှိ အကျဉ်းထောင်နှင့် မြို့မရဲစခန်း အချုပ်ခန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် တာဝန်ရှိသူ များသည် ကျိုင်းတုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသား၊ အချုပ်သားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ သန့်ရှင်းရေးနှင့် သန့်စင်ခန်းများ ကောင်းမွန်မှု ရှိမရှိ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိမရှိ စသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်ခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့မရဲစခန်း အချုပ်ခန်းရှိ အချုပ်သားများ၏ ကျန်းမာရေး၊ စားသောက်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုရှိ/မရှိ၊ အချုပ်ခန်းများ ခိုင်ခန့်မှုရှိ/မရှိ၊ လေဝင် လေထွက်ကောင်းမွန်ရေး၊ သန့်ရှင်းရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ ကျိုင်းတုံခရိုင်တရားရုံးတွင် ခရိုင်နှင့် မြို့နယ်တရားရုံးဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းတာဝန်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)