လင်းခေးတွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

လင်းခေး  ဇွန်  ၁၀

 ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ ၂၀၂၀-၂၀၂၁ခုနှစ်ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုလူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  လင်းခေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်‌ဇော်ကသင်တန်းဆင်းအမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းထွန်းက သင်တန်းဖွင့်လှစ်ပြီးခြင်းနှင့် စပ်လျဉ်းသည်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ခရိုင် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူတို့ က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားအားလုံး၏ကိုယ်စား သင်တန်းသူသုံးဦးထံ အသီးသီးချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် သင်တန်းသူနန်းလှကြည်(နောင်လုံကျေးရွာအုပ်စု)က သင်တန်းသားများကိုယ်စား  ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီးနောက် အခမ်းအနား ကိုရုတ်သိမ်းလိုက်သည်။ ဤသင်တန်း၌ မျိုးစုံသုံးဆပ်ပြာရည်၊ ကိုယ်တိုက်ဆပ်ပြာ၊ ဂျယ်ရီဆပ်ပြာ၊ ခေါင်းလျှော်ရည်ဆပ်ပြာနှင့် ဖယောင်းဆပ်ပြာစသည့် လူသုံးကုန်နှင့် အလှကုန်ပစ္စည်း ၅မျိုးတို့ကို စာတွေ့လက်တွေ့ ထုတ်လုပ်နိုင်ခဲ့ကြကြောင်းနှင့် ၎င်းလက်တွေ့ဆောင်ရွက်ခဲ့ပြီးသော ထုတ်ကုန်များအား အခမ်းအနားတက်ရောက်လာသူများက အခမ်းအနားအပြီးတွင် ကြည့်ရှု့အားပေးခဲ့ကြ ကြောင်းသိရသည်။

သင်တန်းဆင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား၃၂ဦးတို့နှင့် ခရိုင်၊ မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)