ရာသီဥတုဆိုးရွားမှုကြောင့် ဈေးကုန်းဆရာတော်ဘုရားကြီးနှင့် အလှူရှင်များ လိုက်ပါလာသည့် တပ်မတော်လေယာဉ် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျ

နေပြည်တော်  ဇွန်  ၁၀
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သုံးထောင်ကျေးရွာအုပ်စု ကျောက်ဖျားဒိုး ကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာမ ဈေးကုန်း ပရိယတ္တိစာသင်တိုက်ကြီး ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပြုလုပ်ရန်အတွက် ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ အပါအဝင် သံဃာနှင့်အလှူရှင် (၈)ဦးနှင့်အတူ လေယာဉ်အမှုထမ်း (၆)ဦး လိုက်ပါလာသည့် တပ်မတော်လေယာဉ်သည် ယနေ့နံနက် ၇ နာရီခန့်တွင် နေပြည်တော်လေဆိပ်မှ အနီးစခန်းလေဆိပ် (ပြင်ဦးလွင်) သို့ ထွက်ခွာလာရာ (၈) နာရီခန့်တွင် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် လေဆိပ်အနီး ပြင်ဦးလွင် သံမဏိစက်ရုံ၏ အရှေ့တောင်ဘက် မီတာလေးရာခန့်အကွာခန့်မှန်းမြေပုံအညွှန်း (ကေအီး-၃၃၄၃၃၂) အရောက်တွင် ဆက်သွယ်မှုပြတ်တောက် ပျက်ကျခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မောင်ပိုင်ဘုန်းပြည့်နှင့် တပ်ကြပ်ကြီး ကောင်းစံဝင်း(ဦးခေါင်းထိခိုက်ဒဏ်ရာရရှိ) တို့နှစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးဝါးကုသပေးလျက်ရှိသည်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။