ကျောက်ဖြူမြိူ့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ကျောက်ဖြူ ဇွန် ၁၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်ကလေးများ မူးယစ်ဆေးဝါး ဆိုးကျိုးများသိရှိစေခြင်း၊ စာပေဗဟုသုတဖွံ့ဖြိုး၍ ဥာဏ်ရည်ထက်မြက်လာကာ ယှဉ်ပြိုင်ရဲသည့် သတ္တိများဖြစ်လာစေခြင်း   ရည်ရွယ်လျက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့၊ နံနက်(၉)နာရီချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

 

 

 

အဆိုပါပြိုင်ပွဲတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအတွက် လက်ဆေးရန်ရေ၊ လက်သန့်ဆေးရည်၊ နှာခေါင်းစည်း Maskများ အစရှိသည့် ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး ၎င်းပြိုင်ပွဲသို့ အလယ်တန်း၊ အထက်တန်း ကျောင်း(၄) ကျောင်းမှ အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင် မူးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် မိမိကြိုက် နှစ်သက်ရာ ခေါင်းစဉ်အသီးသီးဖြင့် ပြိုင်ပွဲဝင် ကျောင်းသား/ သူ(၁၄)ဦး၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၈)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

 

 

ပြိုင်ပွဲ၌ ပြိုင်ပွဲတစ်ခုလျှင်ဆု(၄)ဆုစီ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ဆုရရှိသည့် ကလေးများအား ဇွန်(၂၆)ရက်နေ့ ၊ နံနက်(၉)နာရီအချိန်တွင် အသီးသီးဆုချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

                                     

ဇူလိုင်ကြယ်