ကျောက်ဆည်မြို့နယ်တွင် နနွင်းဈေး ကောင်းသဖြင့် နနွင်းစိုက်ပျိုးသူများ အဆင်ပြေလျှက်ရှိ

ကျောက်ဆည် ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများသည် ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ယာမြေများတွင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ ငှက်ပျော၊ နနွင်းနှင့် ဆီထွက် သီးနှံမျိုးစုံ၊ ပဲမျိုးစုံတို့ စိုက်ပျိုးကြပြီး ယခုအခါ နနွင်းဈေး ကောင်းသဖြင့် နနွင်းစိုက်တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

နနွင်းစိုက်ပျိုးရာတွင် မြေကိုစိတ်ကြိုက်ပြုပြင်ပြီး အကျယ်(၃)ပေ၊ အမြင့်(၁)ပေ၊(၁)ပေခွဲ မြေဘောင်များ ပြုလုပ်ကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးစိုက်နှင့် အတက်မျိုးစိုက်ဟူ၍ (၂)မျိုးရှိရာ နနွင်းခေါင်းမျိုး စိုက်ပျိုးပါက တစ်ဧကကုန်ချိန်(၅၀၀)ပိဿာခန့် စိုက်ပျိုးရပြီး၊ နနွင်းအတက်မျိုး စိုက်ပျိုးပါက ကုန်ချိန်(၆၀၀)ပိဿာခန့် စိုက်ပျိုးရကြောင်း စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅)လက်မအကွာ စိုက်ပျိုးရကြောင်း၊ နနွင်းသည်မြေထဲတွင် အတက်ပွားသည့် သီးနှံဖြစ်သောကြောင့် စိုက်ပျိုးပြီးမြေလုံခြုံစွာ ဖုံးအုပ်ပေးရကာ၊ မြေအစိုဓာတ်မပြတ်စေရန် ရေသွင်း ပေးရကြောင်း သိရသည်။

နနွင်းစိုက်ပျိုးရာမှာ စိုက်ပျိုးပြီးရက်ပေါင်း(၁၂၀)ခန့်တွင် အပွင့်များ စတင်ပွင့်ပြီး အပွင့်ချိုးကာ ဈေးကွက်တွင် ရောင်းချပါက တစ်ဧကတွင် ငွေကျပ်(၅)သောင်းခန့်ရကြောင်း၊ စိုက်ပျိုးပြီး (၈)လကျော်တွင် နနွင်းများ တူးဖော်ရကြောင်းနှင့် နနွင်းတစ်ဧကတွင် နနွင်းတက်အစို အချိန်(၃၇၀၀)မှ (၄၀၀၀)ပိဿာ ထွက်ကြောင်း ပြုတ်ပြီး အခြောက်လှန်းပါက ကုန်ချိန်(၈၀၀)မှ (၁၀၀၀)ခန့်ရရှိပြီး နနွင်းအစို တစ်တင်း ရောင်းပါကငွေကျပ်(၄၅၀၀)၊ နနွင်းအခြောက် တစ်ပိဿာ(၂၄၀၀)ကျပ် ရောင်းချ ရသောကြောင့် နနွင်းစိုက်တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း ကျောက်ဆည်မြို့နယ်၊ အရှေ့သာဂရ ကျေးရွာမှ တောင်သူ ဦးဌေးဦးက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)