မိုင်းဆတ် ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုင်းဖုန်းဆရာတော်၏ အဓိဌာန်အရတည်ထားသည့် သဗ္ဗညု ဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် (၁၀)နာရီ က သဗ္ဗညုဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစည်းအဝေးကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ သဗ္ဗညုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒက က ဩဝါဒစကားမြွက်ကြားပေးတော်မူပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး သော်ဇင်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်တို့က အမှာစကား ပြောကြားသည်။
ထို့နောက် သဗ္ဗညုဆုတောင်းပြည့်စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝေ က စိန်ဖူးတော်တင်လှူ ပူဇော်နိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက စိန်ဖူးတော်အောင်မြင်စွာ တင်လှူပူဇော်နိုင်ရေး လိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ သဗ္ဗညုဆုတောင်းပြည့်စေတီတော်သည် ပလ္လင်တော် (၄၄)တောင်ပတ်လည်နှင့် ဉာဏ်တော်အမြင့် (၃၇)တောင်ရှိတော်မူပြီး စိန်ဖူးတော်တင်လှူပူဇော်ခြင်းကို ဇွန်လ(၂၄)ရက် (နယုန်လပြည့်နေ့) တွင် တင်လှူပူဇော်ရန် လျာထားသတ်မှတ်ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)