တနိုင်းမြို့တွင် ပန်းအလှဆင်၊ ပန်းအလှပြင် သင်တန်းဆင်းပွဲ ကျင်းပ

တနိုင်း ဇွန် ၉
တနိုင်းမြို့နယ်၊ ဇေယျာသီရိစာသင်တိုက်အ‌တွင်း ဇေယျာသီရိပညာဒါနအဖြစ် ဇေယျာသီရိကျောင်းထိုင် ဆရာတော်ဦးတေဇနိယမှ ဦးစီး၍ ဖွင့်လှစ်သော ပန်းအလှဆင်၊ ပန်းအလှပြင်သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ(၃)နာရီက ထိုကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်‌ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဦးဆောင်ဆရာတော် ဇေယျာသီရိဆရာတော် ဦးတေဇနိယမှ ဩဝါဒစကား မိန့်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က ပန်းအလှဆင်၊ ပန်းအလှပြင်သင်တန်းကို ငွေကြေးအကုန် အကျခံ၍ ပညာဒါနအဖြစ် သင်တန်းသား/သူ(၃၅)ဦးဖြင့် (၇)ရက်ကြာ အိမ်တွင်းအလှဆင်ခြင်း၊ ဘာသာရေး အခမ်းအနားများ၊ ဂုဏ်ပြုချီးမြှင့်ပူဇော်ပွဲနှင့် လိုအပ်သော အခမ်းအနား များတွင် အသုံးချနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးသည်ကိုသိရှိရသဖြင့် များစွာဂုဏ်ယူဝမ်းမြှောက်မိပါကြောင်း၊ ဦးဆောင်ပေးပါသော ဆရာတော်အား ကျေးဇူးတင်ရှိပါကြောင်း၊ ပန်းအလှဆင်၊ ပန်းအလှပြင်သင်တန်းကို ပန်းအလှဆင်ခြင်း အနုပညာသည် အခမ်းအနားတစ်ခုတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုလို(၇)ရက်ကြာ သင်တန်းသို့ စိတ်အားထက်သန်စွာ တက်ရောက် ပေးကြပါသော သင်တန်းသား/သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ကိုယ်တတ်စွမ်းသမျှ ပညာများကို အကျိုးရှိစွာ အသုံးချသွားရန်မှာကြားလိုကြောင်း စသည့်ဖြစ်ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာ ဦးသန်းမင်းဦးက သင်တန်းနှင့်ပတ်သက်၍ ဝမ်းမြောက်စကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များအား ဆရာတော်နှင့် ဌာနဆိုင်ရာများက ပေးအပ်ပြီး သင်တန်းသား /သူများက ‌ဆရာတော်နှင့် ဌာနဆိုင်များကို အမှတ်တရ ပန်းစည်းလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့မကျောင်းဆရာတော် ဦးဆန္ဒနာလင်္ကာရ၊ ဇေယျာသီရိဆရာတော် ဦးတေဇနိယ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဖိတ်ကြား ထာသည့် ဧည့်သည်များနှင့် သင်တန်းသား/သူများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။