ဗန်းမော် ဇွန် ၉
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်လွင်က နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေများ၊ ယခုကာလအတွင်း Stay at Home သတ်မှတ် ခံရသည့် မြို့များမှ မိမိတို့ဒေသသို့ ရောက်ရှိလာပါက အသွားအလာကန့်သတ်ပြီး သတ်မှတ်ထားသောနေရာတွင် (၁၀)ရက် အသွားအလာကန့်သတ်ထားရှိရန်နှင့် ဝင်ရောက်လာသည့်ရက်မှ (၃)ရက် မြောက်နေ့တွင် RDT ဖြင့် ပထမအကြိမ်၊ (၇)ရက်မြောက်နေ့တွင် RT-PCR ဖြင့် ဒုတိယအကြိမ် စုစုပေါင်း(၂)ကြိမ်ဓာတ်ခွဲစစ်ဆေးရန်၊ ဗန်းမော်လေဆိပ်တွင် ကိုဗစ်-၁၉ ရောဂါသတ်မှတ် စည်းကမ်းချက်များနှင့်အညီ စစ်ဆေးသွားကြရန်၊ သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ကြရန်၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ အလုပ်ရုံများ၊ စာသင်ကျောင်းများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးတို့မှ ယခင်က မိမိတို့ ဆောင်ရွက်သည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ကြမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။