ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁) ကျင်းပ

စစ်တွေ  ဇွန်  ၉

 

 

ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၃/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများတွေ့ရှိလာသည့် အတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများသည် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများတွင် ဆောင်ရွက် နေသူများဖြစ်ပါကြောင်း၊ ကျန်းမာရေးသည် အရေးကြီးသကဲ့သို့ ပညာရေးနှင့် နိုင်ငံ၏ စီးပွားရေးသည်လည်း အရေးကြီးသည့်အတွက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ဖွင့်လှစ်ကာ ကုန်သွယ်ရေးလုပ်ငန်းများကို ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်တွင် ကိုဗစ်- ရောဂါနှင့်ပတ်သက်ပြီး သွေးအေးနေသည်ကို ပြန်လည်တပ်လှန့်ကာ သတိပေးခြင်းလည်းဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီး အကဲ များအနေဖြင့်လည်း မိမိတို့ဌာနမှဝန်ထမ်းများနှင့် မိမိတို့ပတ်ဝန်းကျင်တွင် ရှိကြသည့်  ပြည်သူများကို ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့် ကိစ္စများကို ပညာပေး ဆွေးနွေးပေးကြ စေလိုကြောင်းနှင့် ပြည်သူအားလုံးက မိမိကိုယ်ကိုကာကွယ်ခြင်းနှင့် ပတ်ဝန်းကျင်ကိုလည်းကာကွယ် ထားပြီးဖြစ်အောင် ဌာနဆိုင်ရာအားလုံးကပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြား သည်။ ထို့နောက် ပြည်နယ် Coronavirus Disease – 2019 (Covid-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသကိုယ်စားပြုကိုယ်စားလှယ်တို့က ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့မှုအခြေအနေ၊ ကာကွယ် ဆေးထိုးနှံပေးခဲ့မှုနှင့် ဆက်လက်ထိုးနှံပေးသွားမည့်အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်ရေးလုပ် ငန်းများဆောင်ရွက်နေမှု၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းသို့ စက်လှေများ၊ သင်္ဘောများဝင်ရောက် ဆိပ်ကပ်ရာတွင် Quarantine စက်လှေများဝင်ရောက်ဆိုက်ကပ်မည့် ဆိပ်ခံတံတား၊ ကုန်တင်၊ ကုန်ချဆိပ်ခံတံတား စသည်ဖြင့်နေရာများသတ်မှတ်ထားကာ တစ်ဘက်နိုင်ငံမှအပြန်လှေများကို တစ်နေရာတည်း (ရေထဲ)တွင် စုထားပြီး Quarantine(၁၀) ရက်ဝင်ရောက်နေမှု၊ ပြည်သူအားလုံး ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ တတ်ဆင်သွားလာနိုင်ရေး၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ထုတ်ပြန်ချက်များအား အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်နိုင်ရေးဆောင်ရွက်နေမှုတို့ကို ဆွေနွေး တင်ပြကြသည်။

 

 

 

တင်ပြချက်များအပေါ် ပြည်နယ်ကော်မ တီဥက္ကဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌက   ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်းသိရသည်။

 

 

 

တင်ထွန်း