စဉ့်ကိုင်မြို့နယ် ထန်းတောကျေးရွာတွင် ဆဌမအကြိမ်မြှောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေး

စဉ့်ကိုင် ဇွန် ၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျှော့နည်း လာစေရေးအတွက် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေး ပေးလျက်ရှိရာ ထန်းတောကျေးရွာ၌ ဆဌမအကြိမ်မြောက် အရင်းမပျောက်မတည် ရန်ပုံငွေကျပ်သိန်း (၆၄၇၅၀၀၀၀) ကို ယနေ့မွန်းလွဲ ၁ နာရီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊၊
ထိုသို့ စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ထုတ်ချေးပေးခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်တင်မြင့်ခိုင်နှင့်တာဝန်ခံ ဝန်ထမ်းများက ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး လမ်းညျွန်ချက်များနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၁၁၄)ဦးအတွက် ငွေကျပ် (၃၇၄၅၀၀၀၀) နှင့်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ (၉၁)ဦးအတွက်ငွေကျပ် ( ၂၇၃၀၀၀၀၀) စုစုပေါင်း ငွေကျပ် သိန်း (၆၄၇၅၀၀၀၀)ကို ထုတ်ချေး ပေး ခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင်ခြင်း ၊ကျေးလက်ကုန်ထုတ်လမ်း များဖောက်လုပ်ခြင်းစသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း အကောင်ထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင် )