ပျော်ဘွယ်မြို့နယ်အတွင်း အာဆီယံသပြေပန်း စိုက်ပျိုးသည့်တောင်သူများ အဆင်ပြေလျက်ရှိ

ပျော်ဘွယ် ဇွန် ၉

ပျော်ဘွယ်မြို့နယ်အတွင်း အာဆီယံသပြေပန်း စိုက်ပျိုးသည့် တောင်သူများအနေဖြင့် စားဝတ်နေရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနေသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အာဆီယံသပြေပင် စိုက်ပျိုးရောင်းချသည့် ပေကုန်းကျေးရွာနေ တောင်သူ ဦးစန်းမောင် က “ကျွန်တော် အနေနဲ့ နှစ်ရှည်ပင်ဖြစ်တဲ့ အာဆီသံသပြေပင် (၂၀၀၀)စိုက်ပျိုးထားပါတယ်၊ ပျိုးပင်ကိုတော့ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ကနေ ပျိုးပင်တစ်ပင်ကို ငွေကျပ်(၁၀၀၀)နှုန်းဖြင့် သွားရောက် ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်၊ စတင်စိုက်ပျိုးပြီး နှစ်လသားအရွယ်မှာ စတင်ဆွတ်ခူးနိုင်ပါပြီ၊ လိုအပ်တဲ့ အချိန်တိုင်း ရေလောင်းခြင်း၊ မြေဩဇာကျွေးခြင်း စတာတွေကို ပြုလုပ်ပေးရပါတယ်”ဟုရှင်းပြသည်။

အာဆီယံသပြေပန်းများကို ပွဲစားများမှလာရောက်ဝယ်ယူပါက (၁၀)ညွန့်လျှင် တစ်စည်းစည်းပေးရပြီး တစ်ကြိမ် ရောင်းလျှင် ငွေကျပ်(၁၅၀၀၀၀)ခန့်အထိရရှိကာ တစ်လလျှင်(၂)ကြိမ် ဆွတ်ခူးရောင်းချရကြောင်း၊ အချို့အခင်းပိုင်ရှင်များ အနေဖြင့် ပွဲစားများသို့ ရောင်းချခြင်းမရှိဘဲ ကိုယ်တိုင်ဆွတ်ခူး ရောင်းချသူများလည်း ရှိကြောင်း၊ ကိုယ်တိုင်ဆွတ်ခူး ရောင်းချသူများအနေဖြင့် တစ်လလျှင် ငွေကျပ်(၆)သိန်းခန့်အထိ ရရှိနေသောကြောင့် စားဝတ်နေရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနေသော အပင်တစ်မျိုး ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပြန်/ဆက်)