မိတ္ထီလာ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း(၅၀)ကျော်ဖြင့် နန်းတော်ကုန်းရပ်ကွက် အန္တကူရေစက်ရုံမှ ဝန်ဇင်းဟိုတယ်အထိ ကန်ပတ်လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်းများအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ခိုင်ခန့်ဖြူစင် ကုမ္ပဏီက တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၅၂.၆၅)သန်းဖြင့် နန်းတော်ကုန်းရပ်ကွက် အန္တကူရေစက်ရုံမှ ဝန်ဇင်းဟိုတယ်အထိ ကန်ပတ်လမ်းအား အရှည် ပေ ၁၈၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို မတ်လ ၂၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ နန်းတော်ကုန်းရပ်ကွက် အန္တကူရေစက်ရုံမှ ဝန်ဇင်းဟိုတယ်အထိ ကန်ပတ်လမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မိတ္ထီလာကန် သာယာလှပသည့်အပြင် ကျန်းမာရေး အတွက် လမ်းလျှောက်သူများ၊ လေ့ကျင့်ခန်းလုပ်သူများ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။]
သိန်းမြင့်ကျော်