အမှတ်(၁)ခရိုင်ချင်းဆက်လမ်း (မလှိုင်မြို့နယ်)ကတ္တရာ လမ်းချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မလှိုင် ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်တည်ဆောက်ရေး လုပ်ငန်း စီစစ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ လိုက်ပါလျက် မလှိုင်မြို့နယ်အတွင်းရှိ အမှတ်(၁) ခရိုင်ချင်းဆက်လမ်း ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က မြို့နယ်အုပ်ချုပ်‌ရေးမှူးသည် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းယုဆွေ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းသီဟအောင်၊ လမ်းဦးစီးဌာနမှ ဦးသက်မြတ်ထွန်း (SAE) တို့နှင့်အတူ အမှတ်(၁)ခရိုင်ချင်းဆက်လမ်း ( ၅၄၁. ၇၄  KM ) မှ ( ၅၄၄.၂၈ KM ) အထိ အရှည် ( ၂.၅၄ KM) ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအေနေများကို ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များကို မြို့နယ် အုပ်ချုပ်‌ရေးမှူးက ပေါင်းစပ်ညှိနှိုင်ပေးခဲ့သည်။

အဆိုပါ ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းကို ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုငွေကျပ်၂၃၅.၁၇ သန်းဖြင့် Four(G)ကုမ္ပဏီမှ တာဝန်ယူ၍  ဆောင်ရွက်နေခြင်းဖြစ်သည်။

၎င်းမှတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် အမှတ်(၁)ခရိုင်ချင်းဆက် လမ်းမပေါ်တွင် Unique Design ကုမ္ပဏီမှ ခွင့်ပြုငွေကျပ် ၂၇၈. ဝ၁ သန်းဖြင့် အရှည် (၂.၉၁ KM) ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း၊ သစ်လွင်ဦး ကုမ္ပဏီမှ ခွင့်ပြုငွေကျပ် ၂၅၆.၁၇ သန်းဖြင့် အရှည် (၂.၇ KM)ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း၊ မြို့နယ် လမ်းဦးစီးဌာနမှ ခွင့်ပြုငွေကျပ် ၁၅၆ သန်းဖြင့် အရှည်(၁.၂၄ KM)ကတ္တရာလမ်းချဲ့ခြင်းနှင့် လိုအပ်သော နေရာများတွင် လမ်းတာဘောင်တင်ခြင်းလုပ်ငန်း၊ ခွင့်ပြုငွေကျပ်၂၈၂ သန်းဖြင့် အရှည် (၂.၆၈ KM) ကတ္တရာလမ်း ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကိုလည်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အမှတ်(၁) ခရိုင်ချင်းဆက်လမ်းသည် မလှိုင်မြို့နယ်အတွင်း အရှည် ၃ဝမိုင် ၁ ဖါလုံရှိပြီး အဆိုပါကတ္တရာ လမ်းတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးပါက လမ်းမကြီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ကံကြီး၊ ဝါးခွ၊ ပြူကန်၊ မြင်းတွင်း၊ ညောင်ကန်၊  မြောက်လည်၊ လက် စွေ့၊  ချင်းလျား၊ ရွှေပေါ်ကျွန်း၊ ကျေးရွာများမှ ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်း၍ သွားလာမှုလုံခြုံချောမွေ့စေပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ဒေသခံတို့၏ လူမှုစီးပွားဘဝများမှာလည်း  ဖွံဖြိုးတိုးတက်လာမည်ဖြစ်ပေသည်။

အောင်ဌေး(မလှိုင်)