တောင်ကြီး ဇွန် ၉
တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဥယျာဉ်မြေ (၂၉.၄)ဧက ကို အပန်းဖြေပန်းဥယျာဉ်၊ စားသောက်ဆိုင်၊ ရေကူးကန်၊ ကလေး ကစားကွင်းနှင့် လူနေအိမ်ရာအဖြစ် အသုံးပြုရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဦးကြည်မြင့်မှ လာရောက် ရှင်းလင်းတင်ပြကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း က ကုမ္ပဏီ၏ လုပ်ငန်းရည်ရွယ်ချက်များကို ဖတ်ရှုရသည့်အတွက် အားရကျေနပ်မိပါကြောင်း၊ တာချီလိတ်မြို့ဝန်းကျင်ရှိ ကလေးသူငယ်များ၏ အပန်းဖြေ အားကစားကွင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်မှန်းပြီး ကမ္ဘာလှည့်ခရီးသည်များရောက်ရှိလာပါက စွဲဆောင်မှု ပေးနိုင်ကြောင်း၊ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အခွန်ရမည့်ကိစ္စနှင့် အကျိုးပြုမည့် ကိစ္စရပ်များကို ဆောင်ရွက် နေပါကြောင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဥယျာဉ်မြေ (၂၉.၄)ဧကတွင် ကလေးသူငယ် အားကစားကွင်း တည်ဆောက်ရခြင်းသည် ရှမ်းပြည်နယ်အတွက် အရှိန်အဝါကောင်း တစ်ခုဖြစ်ပါကြောင်း၊ ဤလုပ်ငန်းကို အကောင် အထည်ဖော်နိုင်မည်ဆိုပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်မည် ဖြစ်ကြောင်းနှင့် စားဝတ်နေရေး ပြေလည်လာနိုင်မည်ဖြစ်ကြောင်း၊ ကုမ္ပဏီများမှ ဆောင်ရွက်မည့် လုပ်ငန်းများကို ပြည့်စုံစွာ ရှင်းလင်း ပေးရန်နှင့် မိမိတို့ဘက်မှ ပြည်နယ်မှူးများမှကလည်း လိုအပ်သည်များကို ဝိုင်းဝန်းဖြည့်စွက် ပေးသွားမည် ဖြစ်ကြောင်း၊ မိမိတို့ဘက်ကလည်း ကြန့်ကြာမှု မရှိစေရပါကြောင်း၊ လုပ်ငန်းရှင်များဘက်ကလည်း ပြည့်စုံစွာဖြင့် ရှင်းလင်းတင်ပြ ပေးရန်နှင့် အားလုံးဝိုင်းဝန်းဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဥယျာဉ်မြေ (၂၉.၄)ဧကကို အပန်းဖြေပန်းဥယျာဉ်၊ စားသောက်ဆိုင်၊ ရေကူးကန်၊ ကလေးကစားကွင်းနှင့် လူနေအိမ်ရာ အဖြစ် အသုံးပြုရန်အတွက်နှင့်ပတ်သက်၍ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးမှ ရှင်းလင်းပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေး တင်ပြကြကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က ဆွေးနွေးချက်များ အပေါ် ဖြည့်ဆည်းပြောကြား၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)