တပ်ကုန်း ဇွန် ၈
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော် သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊ ဥတ္တရခရိုင် သာသနာရေးမှူး၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဘုန်းတော်ကြီးသင် မူလတန်းလွန် ကျောင်း ရွှေမြို့(ဂိုဏ်းထောက်)ကျောင်းနှင့် ကျောက်စရစ်ကုန်းကျောင်း ဖွင့်လှစ်သင်ကြားနေ မှုများကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်း ရွှေမြို့ (ဂိုဏ်းထောက်) ကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိဿရိယ အား ဖူးမျှော်ကြည်ညို၍ နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် အားပေးစကားပြောကြားရာ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားရာ တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့် ကာကွယ်ရေးသုံး ပစ္စည်းများနှင့် နည်းလမ်းများကို စနစ်တကျ လိုက်နာကျင့်သုံးရန်၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကြိုတင် ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေး ပိုစတာများ၊ ဗီနိုင်းများဖြင့် ပြသဆောင်ရွက်သွားရန်၊ လုံခြုံရေးအတွက် အားလုံးပူးပေါင်းကူညီ စောင့်ရှောက်ပေးရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းယုနှင့် တာဝန်ခံဆရာတို့က ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍ စာသင်ကြားနေမှုများ၊ ကွန်ပျုတာခန်း၊ လက်ဆေးကန်များ ထားရှိမှုတို့ကို ကြည့်ရှုခဲ့သည်။
အလားတူကျောက်စရစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်