မောင်တော ဇွန် ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုင်းကြီး (ရွာဟောင်း) ဘုန်းတော်ကြီးကျောင်းရှိစေတီတော် ထီးတင်ပွဲ ကျင်းပနိုင်ရေး နှင့် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး အဖွင့်အမှာစကားပြောကြားရာတွင် ကိုင်းကြီး(ရွာဟောင်း) ဘုန်းတော်ကြီးကျောင်းရှိ စေတီတော် ထီးတင်ပွဲ ကျင်းပနိုင်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ဆောင်ရွက်နိုင်ရန် လိုအပ်သည် ကိစ္စရပ်များအား သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် ဆွေးနွေး တင်ပြကြ ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်သာသနာ့ရေးမှူးမှ စေတီတော်ထီးတင်ပွဲ ကျင်းပမည့် အခြေ အနေများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိမှ မြို့သန့်ရှင်း သာယာလှပရေးအတွက် လမ်းအလိုက် သန့်ရှင်းရေး ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များက ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသော သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့ တာဝန်ရှိသူများအား ကဏ္ဍအလိုက် လုပ်ဆောင် မည့် လုပ်ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး